ကျွန်ုပ်တို့အကြောင်း
နိဒါန်း
မြန်မာနိုင်ငံ ဘာသာအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင် (၁ဝ) ဦး တို့သည် နယူးဇီလန်နိုင်ငံတွင် ၂၀၀၇ ခုနှစ် မေလ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျင်းပသော “Regional Interfaith Dialogue” အစည်းအဝေး သို့ မြန်မာနိုင်ငံကို ကိုယ်စားပြု၍ တက်ရောက် ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံ တွင် ““ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)” ဖွဲ့စည်း ဆောင်ရွက်သင့်ကြောင်း သိမြင်လာကြသည်။
ထို့ကြောင့် “ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့”ကို တရားဝင် ဖွဲ့စည်း ဆောင်ရွက်ခွင့် ရရှိရေးအတွက် ၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာ (၂၉) ရက် နေ့စွဲပါ စာဖြင့် သံအမတ်ကြီး ဦးလှမောင်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ သာသနာရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့သည်။ အဆိုပါ တင်ပြချက်အပေါ် သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနက ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက် နေ့စွဲပါစာအရ အမြုတေအနေဖြင့် အလွတ်သဘော ဖွဲ့စည်းခွင့်ပြုကြောင်း ပြန်ကြားခဲ့သည်။
သို့ပါ၍ “Regional Interfaith Dialogue” အစည်းအဝေး (၆) ကြိမ်တွင်အနည်းဆုံး (၁) ကြိမ် တက်ရောက်ခဲ့ဖူးသော ဘာသာကြီးလေးခုမှ စိတ်သဘောထား တူညီသူများစုစည်း၍ “ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့”ကို ၂ဝဝ၈ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် အမြုတေအဖြစ် စတင် ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။ အဖွဲ့၏လုပ်ငန်းများ စနစ်တကျနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်စေရေးအတွက် “ဖွဲ့စည်းပုံစည်းမျဉ်း” (Scheme) ပထမမူကြမ်းတစ်ရပ် ရေးဆွဲနိုင်၍ ၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက အတည်ပြု ပေးခဲ့ သည်။
သို့ရာတွင် နိုင်ငံတော်၏ ပြောင်းလဲတိုးတက်လျက်ရှိသော အခြေအနေ အရပ်ရပ်နှင့် စိန်ခေါ်မှုများအရ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ကျယ်ပြန့်လာသည့် အလျောက် “ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့” ၏ လုပ်ငန်းများသည်လည်း ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် တိုးတက်အောင် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ကိုင်ပုံနည်းစနစ် မှန်ကန်စေရန်အတွက် “ဤဖွဲ့စည်းပုံ စည်းမျဉ်းအသစ်”ကို ၂၀၁၆ ခုနှစ်တွင် ပြန်လည်ရေးဆွဲ အတည်ပြုခြင်း ဖြစ်ပါသည်။
အမည်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် တည်နေရာ
၁။ ဤအဖွဲ့အမည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် “ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့”ဟု ခေါ်တွင်စေရမည်။ နောင်တွင်“အဖွဲ့” ဟူ၍ ရည်ညွှန်း သုံးစွဲမည်-
(က) “ဘာသာပေါင်းစုံ” ဟုဆိုရာတွင်
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအများစု ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာများ ကို အဓိကဆိုလိုခြင်းဖြစ်ပြီး အဖွဲ့ကသဘောတူလျှင် အခြားဘာသာ များကိုလည်း ပါဝင်ခွင့်ပြုနိုင်သည်။
(ခ) “အဖွဲ့” ဟု ရည်ညွှန်းသုံးစွဲရာတွင် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့၊ ရပ်ကွက်/ကျေးရွာ အဖွဲ့ ဟူ၍ တိတိကျကျ ဖော်ပြရမည်။ “အဖွဲ့အဆင့်ဆင့်” ဟူ၍လည်း ယေဘူယျဖော်ပြနိုင်သည်။
၂။ “ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့” (ဗဟို) ၏ဌာနချုပ်သည် ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိစေရမည်-
(က) ဗဟိုအဖွဲ့၏ ဌာနချုပ်တည်နေရာမှာ အမှတ် (၃၇၄)၊ကမ်းနားလမ်းနှင့် (၅၉) လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး ဖြစ်သည်။
(ခ) ဌာနချုပ်၏တည်နေရာ (လိပ်စာ) သည် အခါအားလျော်စွာ အပြောင်းအလဲ ရှိနိုင်သည်။
(ဂ) ဌာနချုပ်၏ ဖုန်းနံပါတ်များ၊ Fax၊ E-mail၊ Website လိပ်စာများ အတိအကျ ထားရှိရမည်။
လိပ်စာ
No.374, Between 59th & Sandugu St,Kanna Road,Botahtaung Tsp,Yangon.
အီးမေးလ်
info@idomyanmar.org
ဖုန်း
09-250 097 938, 09-694 003 109,
09-451 143 069